မိုင်နာအာကင်နာ ဖဲချပ်တွေဟာ Ace မှ Ten ၁၀ ချပ်အပြင် King, Queen, Knight, နဲ့ Page ပေါင်း ၁၄ ချပ်အတွက် တုတ် (Wands)၊ ခွက် (Cups)၊ Swords (ဓား) နဲ့ ကြယ်ဒင်္ဂါး (Pentacles) တစ်မျိုးစီ ရှိပြီး စုစုပေါင်း ၅၆ ချပ် ရှိပါတယ်။ များသောအားဖြင့် တားရော့ဆရာများဟာ မေဂျာအာကင်နာ ၂၂ ချပ်ကိုသာ အသုံးပြု ဟောပြောလေ့ ရှိပြီး မိုင်နာအင်ကင်နာကို အသုံးနည်းလှပါတယ်။ တားရော့ကို စတင်လေ့လာသူများ အနေနဲ့လည်း မေဂျာအာကင်နာကို လေ့လာရ လွယ်ကူသလောက် မိုင်နာအာကင်နာမှာ အခက်တွေ့ကြရပါတော့တယ်။
မိုင်နာအာကင်နာဖဲချပ် တစ်ချပ်ချင်းစီမှာလည်း သူ့ story နဲ့သူ ရှိပါတယ်။ Court Card လို့ ခေါ်တဲ့ King, Queen, Knight, နဲ့ Page ဖဲချပ်များဟာ နံပါတ်စဥ်ဖဲချပ်များ ဖြစ်တဲ့ Ace မှ Ten ထက်စာရင်တော့ မှတ်သားရ လွယ်ကူတတ်ပါတယ်။ Court Card ထဲက Wands ဖဲချပ် ၄ ချပ်အကြောင်း အသေးစိတ် တင်ဆက်ပြီးခဲ့ပါပြီ။ ဒီ album ထဲမှာပဲ upload ထားတာပါ။ အလျဥ်းသင့်ရင် သင့်သလိုတော့ အခြား Court Card များ ဖြစ်တဲ့ Cups, Swords, နဲ့ Pentacles များအကြောင်း ကြိုးစား မျှဝေပါဦးမယ်။ ဒီပို့စ်မှာတော့ မိုင်နာအာကင်နာကို စတင်လေ့လာသူများအတွက် မှတ်သားရ လွယ်ကူစေဖို့ နံပါတ်စဥ်ဖဲချပ်များရဲ့ အတိုကောက် အဓိပ္ပာယ်များကို ပြောပြသွားမှာ ဖြစ်ပါတယ်။
(တားရော့ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)
ACE
တားရော့ရဲ့ Ace ဖဲချပ်များဟာ အသစ်စတင်ခြင်း၊ အလားအလာကောင်းများ နဲ့ အခွင့်အလမ်းများကို ကိုယ်စားပြုပါတယ်။ ခရီးလမ်းအစလည်း ဖြစ်ပါတယ်။ Ace ဖဲချပ်တွေဟာ လုပ်ငန်းသစ်/အလုပ်သစ် (သို့မဟုတ်) အချစ်ရေး/အိမ်ထောင်ရေးအသစ် (သို့မဟုတ်) အတွေးအခေါ်သစ်တွေ/ရှုထောင့်သစ်တွေကို စတင်ခြင်းလို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။
TWO
ဒီ နံပါတ် ၂ ဖဲချပ်တွေကတော့ အချစ်ရေး/အိမ်ထောင်ရေး၊ ဟန်ချက်ညီခြင်း၊ သဟဇာတဖြစ်ခြင်းနဲ့ (၂ ဦး/ ၂ ယောက်/ ၂ ခု) ဒွန်တွဲစုံဖက်နေခြင်းကို ကိုယ်စားပြုပါတယ်။ ရွေးချယ်ခြင်းလို့လည်း အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ လမ်း ၂ သွယ်၊ အခွင့်အရေး ၂ ခု၊ လူ ၂ ဦး အစရှိသဖြင့် ရွေးချယ်စရာ ၂ ခုကို ညွှန်ပြနေပြီး ကိုယ်လိုချင်တဲ့အရာ ကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ရမယ့် ကိစ္စများကို ဆိုလိုပါတယ်။
THREE
နံပါတ် ၃ ဖဲချပ်များကတော့ ဖွံ့ဖြိုးတိုးတက်မှု၊ အုပ်စုဖွဲ့/အသင်းလိုက် ဆောင်ရွက်ရမှု နဲ့ စိတ်ကူးအတိုင်း အကောင်အထည် ဖော်ရမှုများကို ကိုယ်စားပြုပါတယ်။ စည်းလုံးညီညာ အောင်ကြောင်းဖြာလို့ ပြောရလောက်အောင် teamwork/group work နဲ့ ပန်းတိုင်ရောက်သည်ထိ လျှောက်လှမ်းနိုင်မယ့် အဓိပ္ပာယ်ပါ။ အကြံအစည်၊ လုပ်ငန်း နဲ့ အချစ်ရေး/အိမ်ထောင်ရေး တို့ တိုးတက်အောင်မြင်မှု ပြယုဂ်လည်း ဖြစ်ပါတယ်။
FOUR
နံပါတ် ၄ ဖဲချပ်တွေဟာ အခြေခံအုတ်မြစ်၊ တည်ငြိမ်ခြင်း နဲ့ အောင်မြင်မှုပြယုဂ်များကို ရည်ညွှန်းပါတယ်။ စိတ်အာရုံမှာ တွေးထင်သမျှ လက်တွေ့မှာ တကယ်ဖြစ်လာတတ်ပါတယ်။ အခုချိန်ဟာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတရားတွေအပေါ် သင်ခန်းစာယူပြီး ဘယ်လို ရှေ့ဆက်မယ်ဆိုတာကို ဆုံးဖြတ်ချက် ချရတော့မယ့် အချိန်အခါလို့လည်း ဆိုနိုင်ပါတယ်။ အောင်မြင်မှု တစိတ်တပိုင်း ရရှိပြီး ဖြစ်တယ်လို့လည်း ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်။
FIVE
နံပါတ် ၅ ဖဲချပ်တွေကတော့ ပဋိပက္ခ၊ အပြောင်းအလဲ၊ စိမ်ခေါ်မှု နဲ့ မတည်ငြိမ်မှုများကို ပြဆိုပါတယ်။ ကိုယ်လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ မမြင်ရတဲ့ အခက်အခဲတွေ၊ ညှိမရတဲ့ ကိစ္စတွေ ရှိနေပြီလို့ သတိပေးနေတာလည်း ဖြစ်ပါတယ်။ အခက်အခဲတွေနဲ့ ကြုံတွေ့ရခြင်းသည် လမ်းဆုံးသွားတာ မဟုတ်ပါဘူး။ ကိုယ်လုပ်ခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီး ဆက်လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။
SIX
နံပါတ် ၆ ဖဲချပ်တွေဟာ ပူးပေါင်းဆောင်ရွက်ခြင်း၊ တွဲဖက်ညီခြင်း၊ အုပ်စုအကျိုးစီးပွား နဲ့ ဇွဲလုံ့လ တို့ကို ကိုယ်စားပြုပါတယ်။ မိတ်ဆွေ သူငယ်ချင်းများဆီက အကူအညီ ရရှိခြင်းလို့လည်း ပြောလို့ ရပါတယ်။ ကြုံတွေ့နေရတဲ့ ပြဿနာများအတွက် အဖြေရှာတွေ့တော့မယ့် နိမိတ်ပါ။
SEVEN
နံပါတ် ၇ ဖဲချပ်တွေက အမှားကို ပြန်လည် သုံးသပ်ဆင်ခြင်ခြင်းနဲ့ စိတ်ရှည်သည်းခံမှုတို့ကို ဖော်ညွှန်းပါတယ်။ အခုအချိန်မှာ break ယူပြီး ကိုယ်မှားခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာ ပြန်ယူပြီး ဆက်စပ်စဥ်းစားသင့်ပါတယ်။ ဘာမှမလုပ်ပဲ စောင့်ကြည့်တယ် ဆိုတာကလည်း မရှိမဖြစ်လိုအပ်တဲ့ စိတ်ဓာတ်ခွန်အား ဖြည့်တင်းခြင်း တစ်မျိုးပါပဲ။
EIGHT
နံပါတ် ၈ ဖဲချပ်များဟာ ဖွံ့ဖြိုးတိုးတက်မှုကို ရည်ညွှန်းပါတယ်။ တိုးတက်မှု အရှိန်အဟုန်နဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေဟာ အောင်မြင်ခြင်းနဲ့ နီးကပ်လာကြောင်း သက်သေ အောင်နိမိတ်ပါပဲ။ ပထမဆုံး ခြေလှမ်းကနေဆို တော်တော်လေး ခရီးရောက်နေပြီး ပန်းတိုင် ရောက်တော့မှာမို့ အားမလျှော့ဘဲ ဆက်သွားပါလို့ အကြံပေးလိုပါတယ်။
NINE
နံပါတ် ၉ ဖဲချပ်များကတော့ အောင်မြင်ဖြစ်ထွန်းမှုနဲ့ ပန်းတိုင်ရောက်လုရောက်ခင် အနေအထားကို ကိုယ်စားပြုတဲ့ ဖဲချပ်များပါ။ ကိုယ့်လုပ်ရပ်ကြောင့် ထွက်လာမယ့် result က အကောင်းဘက် ဦးတည်နေလား၊ အဆိုးဘက် ဦးတည်နေလား အဆုံးအဖြတ်ပေးမယ့် ကာလလည်း ဖြစ်ပါတယ်။
TEN
နံပါတ် ၁၀ ဖဲချပ်များဟာ အဆုံးသတ်ပြီးမြောက်ခြင်းနဲ့ အသစ်တဖန် စတင်ခြင်းတွေကို ပြဆိုပါတယ်။ အရာရာအားလုံး အသစ်က စတင်ဖို့ ပြင်ဆင်သင့်တာ ပြင်ဆင်ရမယ့် အချိန်ကာလပါ။ မပြီးမစီးနိုင်တဲ့ ဗြဟ္မာကြီး ဦးခေါင်းကိုင်ထားရသလို တိုင်ပတ်နေတဲ့ ကိစ္စတွေကနေ ရုန်းထွက်နိုင်မယ့် အခွင့်အလမ်း ပေါ်လာပါလိမ့်မယ်။
ဒီလောက်ဆိုရင်တော့ မိုင်နာအာကင်နာ ဖဲချပ်က ဂဏန်းတွေရဲ့ သဘောတရားကို သိရှိနားလည်လောက်မယ်လို့ ထင်ပါတယ်။ မိုင်နာအာကင်နာ ဖဲချပ်ရဲ့ Suit (Wands, Cups, Swords, and Pentacles) ပေါ် မူတည်ပြီး ဖဲချပ်ရဲ့ အဓိပ္ပာယ်နဲ့ ဂဏန်းရဲ့ သဘောတရားကို ပေါင်းစပ်လိုက်ရင် မှတ်ရလည်း ပိုလွယ်သလို တားရော့ ဟောပြောရာမှာလည်း ပိုမို လွယ်ကူမယ်လို့ ထင်ပါတယ်။
ဒီပို့စ်ဟာ တားရော့ လေ့လာဆဲ ဝါသနာရှင်များအတွက် သဲတစ်ပွင့်စာ အထောက်အကူ ပြုမယ်ဆိုရင် ရေးသားရကျိုး နပ်ပါတယ်။ နောက်ထပ်လည်း စိတ်ဝင်စားစရာ ပို့စ်များကို ကြိုးစားပြီး တင်ဆက်ပေးပါဦးမယ်။ ဒီ့အတွက် အခုပို့စ်လေးကို Like & Share လုပ်ပေးဖို့ အားကိုးပါရစေနော်။
Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
No comments:
Post a Comment