Tuesday, April 25, 2023

ရှေ့ဆက်ရန် စဥ်းစားပါ

(တားရော့ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။) 

ခွင့်မလွှတ်နိုင်ရင် စွန့်လွှတ်၊ စွန့်မလွှတ်နိုင်ရင် ခွင့်လွှတ်ဖို့က ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရမှာ ဆိုပေမယ့် တားရော့ဖဲချပ်တွေက ရှေ့ဆက်ဖို့ ပြန်စဥ်းစားခိုင်းတဲ့ relationship မျိုးလည်း ရှိပါတယ်။

Justice
တစ်ယောက်နဲ့ တစ်ယောက် ပါးစပ်ဟလိုက်တာနဲ့ စကားများရတော့တာက ပြဿနာပါ။ နားလည်မှု ရှိဖို့ အရေးကြီးသလို ကိုယ်ရော သူရော တစ်ထစ်စီ လျှော့ဖို့ လိုပါတယ်။ စိတ်ခံစားချက်ကို ခဏ ဘေးဖယ်ပြီး ဘာမှားနေလဲ ကိုယ့်ဟာကိုယ် သုံးသပ်ကြည့်ပါ။ ကြား၀င်စေ့စပ်ပေးမယ့်သူ မရှိရင်တော့ counselling ယူပြီး အကျေအလည် ဆွေးနွေးမှ အဖြေထွက်ပါမယ်။

The Hanged Man
ပြဿနာက တစ်ဖက်လူ မဟုတ်ဘဲ မိမိပါပဲ။ ကိုယ့်ဘာသာ တစ်ဖက်သတ်တွေး၊ ကိုယ့်ဘာသာ တစ်ဖက်သတ် ကောက်ချက်ချနေလို့ မရပါဘူး။ တစ်ယူသန်နေတာလေး လျှော့လိုက်ပြီး သူ့ဖက်ကိုယ့်ဖက် မျှတွေးလိုက်ရင် အရာအားလုံး ပြေလည်သွားပါလိမ့်မယ်။

Temperance
ကိုယ့်ဖက်က ကြည့်ရင် လက်ဖ၀ါး၊ သူ့ဖက်က ကြည့်ရင် လက်ဖမိုး ဆိုတာကို လက်မခံနိုင်ဘဲ အစွန်းရောက်နေတာ ပြဿနာပါ။ ကိုယ်တောင်းဆိုတာ လက်ခံဖို့ ဖိအားပေးတတ်တဲ့ အကျင့်ကလည်း အတ္တဆန်လွန်းနေပါတယ်။ တစ်ဖက်သားရဲ့ အခြေအနေကို လက်ခံပြီး ကိုယ့်ဖက်ကလည်း စိတ်ရှည်သည်းခံစိတ် မွေးဖို့ လိုအပ်နေပါတယ်။

The Tower
အချိန်မတန်သေးတာကြောင့်ပဲ ဖြစ်ဖြစ်၊ အချိန်နှောင်းသွားတာကြောင့်ပဲ ဖြစ်ဖြစ်၊ ဘယ်လိုမှ မဖြစ်သင့်တဲ့ relationship မျိုးမို့ ပျက်ချိန်တန်လို့ ပျက်သွားတယ်ပဲ မှတ်ရမှာပါ။ But ကံမကုန်လို့ ပြန်ဆုံနိုင်ချေ ရှိနေပါသေးတယ်။

Judgement
ဘာတွေ ကောင်းခဲ့သလဲ၊ ဘာတွေ ဆိုးခဲ့သလဲ၊ ဘာတွေ မလုပ်ခဲ့သင့်ဘူးလဲ ပြန်တွေးကြည့်သင့်ပါတယ်။ တစ်ကွေ့ကွေ့မှာ ပြန်ဆုံတဲ့အခါ အမှားတွေကို သင်ခန်းစာယူ ရှေ့ဆက်ပါ။ မဟုတ်ရင်တော့ ဒုံရင်းပဲ ဖြစ်နေပါလိမ့်မယ်။

Two of Cups
တစ်ယောက်က ပေးဆပ်သူ၊ တစ်ယောက်က အသာစီးရနေသူ ဆိုရင်တော့ ပြန်လည် ညှိယူသင့်နေပါပြီ။ များသောအားဖြင့်တော့ တစ်ဖက်လူထက် မိမိက မှားနေတာပါ။

Six of Cups
စေ့စေ့တွေး ရေးရေးပေါ် ဆိုသလို ၀ေးတော့မှ ကောင်းကွက်တွေချည်း ပေါ်လာနေပါတယ်။ နောင်တ ဆိုတာ နောင်မှတ ရတာ ဆိုတော့ ခုချိန်မှာ နောင်တ ရနေတယ် ဆိုရင်တော့ ပြန်ကြိုးစားယူဖို့ အချိန်ကောင်းပါပဲ။

Page of Cups
အရင်က စကားပြော အပေါက်အလမ်း မတည့်လို့၊ အတွေးအမြင် မတူလို့၊ နားလည် မပေးနိုင်လို့ အက်ရာထင်ခဲ့တဲ့ relationship ရှိခဲ့ရင် အခု ရင့်ကျက်လာတဲ့ အနေအထားမှာ ပြန် ကြိုးစားဖို့ သင့်ပါတယ်။ 




Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:

Post a Comment