Sunday, July 19, 2020

တားရော့အဟော ဘယ်လို လေ့ကျင့်ရမလဲ

တားရော့ စဟောဖို့ လေ့ကျင့်မယ့် သူတွေအတွက် ဘယ်လို လေ့ကျင့်ရမယ် ဆိုတာကို ဒီပို့စ်လေးမှာ ရေးသား ဖော်ပြပေးလိုက်ပါတယ်။

(ဒီ ပို့စ်က တားရော့ပညာကို ဟောကျင့်မရှိသူများအတွက် တစ်စိတ်တစ်ဒေသ အထောက်အကူပြုအောင် ရည်ရွယ်ရေးထားတာမို့ တားရော့ကို လက်ရှိဟောပြောလျက် ရှိသူများ ကျော်သွားလိုက်ပါနော်။ ဒါ့အပြင် တားရော့ပညာကို မယုံကြည်သူများ အနေနဲ့လည်း ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

ဟောကျင့်မရှိတဲ့ သူတွေ အတွက် minor arcana ကတ် များကို ခဏ ဖယ်ထားပြီး major arcana ကတ်များနှင့်သာ စတင် လေ့ကျင့်သင့်ပါတယ်။ စစချင်း Major arcana ကတ် ၂၂ ကတ်ရဲ့ အဓိပ္ပါယ်ဆိုလိုရင်းတွေကို အလွတ်ရအောင် မှတ်သားရပါမယ်။ ဒီနေရာမှာ အဓိပ္ပါယ် ဆိုလိုရင်းဆိုတာ ကတ်ထဲမှာ ပါတဲ့ ရုပ်ပုံတွေက ဘယ်အရာကို ကိုယ်စားပြုပြီး ဘာကို ညွှန်ပြနေတယ် ဆိုတာပါ။

ဒီကတ်ကို ဒီလို ဟောရမယ် ဆိုတဲ့ အလွယ် ပုံသေဟောပြောနည်းတွေဟာ မှန်သင့်သလောက် မှန်ပေမယ့် ရာနှုန်းပြည့် မှန်ကန်မှာ မဟုတ်ပါဘူး။ သူ့ရဲ့ ကတ်တွေကို သူက ဒီလို အဓိပ္ပါယ်ဖွင့်ဆိုပြီး ဒီလို ယူဆတဲ့ အတွက် သူဟောပြောတဲ့ အခါမှာ မှန်ကန်နိုင်ပေမယ့် သူဟောပြောသလို မိမိက ဟောပြောရင် လွဲမှားနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပြောခဲ့သလိုပဲ၊ တားရော့တွေက အသက်ရှိတဲ့ ကတ်တွေမို့ပါ။ မိမိရဲ့ ကတ်တွေနဲ့ ဟောပြောတဲ့ အခါ ကတ်တွေရဲ့ ရည်ညွှန်းချက်နဲ့ မိမိရဲ့ ယူဆချက်တို့ကို တွဲစပ်ဖော်ယူရမှာပါ။

တားရော့ တစ်ကတ်ချင်းစီရဲ့ အဓိပ္ပါယ် ဆိုလိုရင်းကို လေ့လာထားတယ် ဆိုရင်တော့ ဟောပြောတဲ့ အချိန်ရဲ့ နိမိတ်၊ ခံစားချက်စတဲ့ အာရုံတွေနဲ့ ပေါင်းစပ် ဟောပြောနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းက အလွတ်ကျက် ဟောပြောနည်း ထက် ပိုကောင်းပါတယ်။ ပိုလည်း မှန်ပါတယ်။

တားရော့ဖဲချပ် ၇၈ ချပ် ရှိပေမယ့်လို့ ပြောင်းပြန်ကတ်ပြားတွေပါ ကျလာတတ်တဲ့ အတွက် အဲ့ဒီကတ်ပြားတွေရဲ့ ပြောင်းပြန် အနက်အဓိပ္ပါယ်တွေကိုပါ လေ့လာထားဖို့ လိုအပ်ပါတယ်။ အတည့်ကတ်ပြားတွေနဲ့ ပြောင်းပြန်ကတ်ပြားတွေဟာ အနက်အဓိပ္ပါယ် အားဖြင့်ရော၊ သဘောသဘာ၀ အားဖြင့်ရော မတူညီတဲ့ အတွက် တဲရော့ဖဲချပ် ၇၈ ချပ်အတွက် လေ့လာစရာ ၁၅၆ မျိုး ဖြစ်နေမှာပါ။

စတင်ဟောပြောခါစမှာ ကတ်ပြား ၇၈ ချပ်ရဲ့ အတည့်နဲ့ ပြောင်းပြန် အနက်အဓိပ္ပါယ်တွေက ေ၀ဝါးနေတတ်တဲ့ အတွက် major arcana ကတ် ၂၂ ကတ်နဲ့ပဲ လေ့ကျင့်ဖို့ ထပ်မံ တိုက်တွန်းချင်ပါတယ်။ Major ကတ်ပြားတွေနဲ့ ပိုင်ပိုင်နိုင်နိုင် ဟောပြောနိုင်တဲ့ အခါမှသာ minor ကတ်ပြားများကိုပါ ထပ်မံလေ့ကျင့်ဟောပြောသင့်ပါတယ်။

တားရော့ကို လေ့ကျင့်လို့ ဟောပြောဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာပြီ ဆိုရင်တော့ စတင် ဟောပြောသင့်ပါပြီ။ သတိပြုရမှာက ဘယ်လောက်ပဲ ခင်မင် ရင်းနှီးနှီး၊ တားရော့ ဟောပြောတဲ့ အခါမှာ ထိုက်သင့်တဲ့ အခကြေးငွေ ယူပြီးမှသာ ဟောပေးသင့်ပါတယ်။ တားရော့ ဟောပြီး ရလာတဲ့ ငွေကြေးတွေကိုလည်း အနည်းဆုံး ၁၀ ရာခိုင်နှုန်း ပြန်လည်လှူဒါန်းသင့်ပါတယ်။ ဒါမှသာ မိမိရဲ့ ဟောချက်တိုင်း ဟောချက်တိုင်းက မှန်ကန်ထိရောက်ပြီး အစွမ်းသတ္တိရှိမှာ ဖြစ်ပါတယ်။

တားရော့ကို Yes or No မေးခွန်းတွေ မေးနိုင်ပါတယ်။ သို့သော် ကပျက်ကချော် အနေနဲ့ မေးတာမျိုးဆို မဖြေပေးသင့်၊ မဟောသင့်ပါဘူး။ ဒါ့အပြင် တခြား မမေးသင့်တဲ့ မေးခွန်းတွေ ရှိပါတယ်။ ဘယ်အသက်အပိုင်းအခြားမှာ သေရမှာလဲတို့၊ ဘယ်အရွယ် ဘယ်အချိန်မှာ တရားထူး ရမှာလဲတို့၊ ဒါမှမဟုတ် မေးမြန်းသူက အခြားတစ်ဦးဦးရဲ့ ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်တာတို့ ဆိုရင် (လုံးဝလုံးဝ) မဟောပြောသင့်ပါဘူး။

ဘာလို့လဲ ဆိုတော့ သတ္တဝါတွေရဲ့ သေကံကို အကျိုးပေးတဲ့ အကြောင်းခြင်းရာတွေ၊ မိမိကိုယ်တိုင် ကျင့်ကြံမှ ရမယ့် တရားထူးတွေကို တားရော့နဲ့ မဟောပြောနိုင်လို့ပါ။ ဒါ့အပြင် မကောင်းမှု အကုသိုလ်ကံတွေကိုလည်း အားပေးအားမြောက် တားရော့နဲ့ ဟောပြောအခါပေးခြင်း လုံး၀ မပြုလုပ်သင့်ပါဘူး။

မေးမြန်းသူ တစ်ယောက်ဟာ အကြောင်းအရာ တစ်ခုတည်းကိုပဲ မကြာမကြာ လာမေးမြန်းတယ် ဆိုရင်လည်း မဟောပြောပေးသင့်ပါဘူး။ အနည်းဆုံး ၂၁ ရက် ကြာမှသာ ဟောပြောပေးသင့်ပါတယ်။ ဟောချက် တစ်ခုတစ်ခုဟာလည်း ခြောက်လလောက် အကြာမှာ ပြောင်းလဲ သွားတတ်ပါတယ်။ ဘာလို့ဆို မေးမြန်းသူ ပြုလုပ်လိုက်တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် ပြောင်းလဲသွားရခြင်း ဖြစ်ပါတယ်။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ဉာဏ စိုက်ထုတ်မှုကို လေးစားသော အားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:

Post a Comment