Sunday, July 19, 2020

တားရော့ ဖဲချပ်များအား သန့်စင်နည်း (ဆားဖြင့် သန့်စင်ခြင်း)

(ဒီပို့စ်ဟာ တားရော့ပညာကို လေ့လာလိုက်စားနေသူများအတွက်သာ ရည်ရွယ် ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တားရော့ ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

*** ဆားဖြင့် သန့်စင်ခြင်း ***

ဆားဟာ လောကီအစီအရင်တွေမှာ အခရာ ကျတယ် ဆိုတာ ဘယ်သူမှ ငြင်းလို့ မရတဲ့ အချက်ပါ။ ဆားဟာ မကောင်းတဲ့ ဓာတ်သဘောတွေကို ပယ်ဖျောက်ပေးနိုင်တယ်လို့ ရှေးယခင်တည်းက ယုံကြည်ခဲ့ကြပါတယ်။ ယုတ်စွအဆုံး ကိုရီးယားကားထဲတောင် မကောင်းတဲ့၊ ကျက်သရေ မရှိတဲ့ လူတွေကို ဆားပက်လွှတ်လိုက်တာမျိုး မြင်ဖူးနေကြမှာပါ။

လောကီမှာတင်မက ဘာသာရေး တော်တော်များများမှာလည်း ဆားရဲ့ အရေးပါပုံတွေကို ဝီကီပီးဒီးယားမှာ ဖတ်လို့ ရပါတယ်။ (လင့်ခ် - https://en.wikipedia.org/wiki/Spilling_salt)

ဒီတော့ တားရော့ကိုလည်း ဆားနဲ့ ဘယ်လို သန့်စင်ပေးလို့ ရမလဲ ကြည့်လိုက်ရအောင်ပါနော်။

ဘူးအလွတ် သို့မဟုတ် သေတ္တာအလွတ် ထဲ ဆားကို တစ်ဝက်ခန့် ဖြည့်ပါ။ ပြီးရင် တားရော့တွေကို ပလပ်စတစ် အကြည်အိတ်ထဲ ထည့်ပြီး ဆားထည့်ထားတဲ့ ဘူးထဲ ထည့်ရပါမယ်။ ပြီးတော့မှ ဆားကို ဘူးမှာ အပြည့် ထပ်ထည့်ပေးပြီး တစ်ညတိတိ ထားလိုက်ခြင်းဖြင့် တားရော့ကို သန့်စင်နိုင်ပါပြီ။

တစ်ခု ပြောချင်တာက ဆား အပြည့် ဖြည့်ရမှာ ဖြစ်တဲ့ အတွက် ဘူးဟာ သိပ်ကြီးနေစရာ မလိုပါဘူး။ တားရော့ဖဲချပ်ထုပ် ဆန့်နိုင်တဲ့ ဘူး ဖြစ်ရင် ရပါပြီ။ Lock & Lock ဘူးတွေထဲမှာ ရှာကြည့်ရင် ပိုလွယ်မယ် ထင်ပါတယ်။

Admin ကတော့ ဒီနည်းလမ်းနဲ့ သန့်စင်ခြင်းကို သိပ် မကြိုက်ပါဘူး။ ဆားက အစိုပြန်တတ်တော့ ပလပ်စတစ်အကြည်နဲ့ ထုပ်ထားပေမယ့် ဖဲချပ်တွေ ပျက်စီးမှာ စိုးရိမ်လို့ပါ။ သို့ပေမယ့် ဆားကို အသုံးပြုပြီး တားရော့ကို သန့်စင်လိုတဲ့ သူတွေအတွက်တော့ အဆင်ပြေပါတယ်။

နောက်ထပ် ပို့စ်တွေမှာ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး တားရော့ကို ဘယ်လို သန့်စင်လို့ ရသေးလဲ ပြောပြပေးမှာမို့ ဒီ Golden Words Tarot ပေ့ချ်လေးကို like & follow လုပ်ထားပေးဖို့ မမေ့ပါနဲ့နော်။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:

Post a Comment