Sunday, July 19, 2020

ကာလ အတန်ကြာ အသုံးမပြုဖြစ်သော တားရော့ ကို တဖန်ပြန်အသုံးပြုခြင်း

“တားရော့ကို ဝါသနာ ပါသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကာလ တော်တော်ကြာ မဟောပြောဖြစ်ဘဲ ချောင်ထဲ ထိုးထားမိတယ်” ဆိုတဲ့ တားရော့သမားတွေအတွက် ဒီပို့စ်ကို တင်ဆက်လိုက်ပါတယ်နော်။

(ဒီပို့စ်ဟာ တားရော့ပညာကို လေ့လာလိုက်စားနေသူများအတွက်သာ ရည်ရွယ် ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တားရော့ ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

ကနဦး ပြောချင်တာကတော့ ဘယ်လို အကြောင်းမျိုးကြောင့်ပဲ ဖြစ်ပါစေ၊ တားရော့ကို မဟောပြောဖြစ်တော့ဘူး ဆိုရင် ဖဲချပ်တွေကို ချောင်ထဲ ထိုးထားတာမျိုး မလုပ်ဖို့ အကြံပေးပါရစေ။

တားရော့တွေကို ကတ္တီပါစ၊ ပိုးသားစ၊ ဖဲသားစ စသဖြင့် ကြိုက်နှစ်သက်ရာ ပိတ်စများနှင့် ထုပ်ပိုးထားနိုင်ပါတယ်။ ပြီးတော့မှ သစ်သား သို့မဟုတ် သံ၊ ယွန်း စသဖြင့် အဆင်ပြေရာ သေတ္တာဘူးငယ်များနှင့် သိမ်းဆည်းရပါမယ်။ ဒါဟာ တားရော့ ဟောပြောပြီးတိုင်း ပြန်လည် သိမ်းဆည်း သင့်တဲ့ ပုံစံပါ။

တားရော့ မဟောပြောဖြစ်တော့ဘူး ဆိုတာနဲ့ ကိုယ် သိမ်းဆည်းနေကျ အတိုင်း ပိတ်စ၊ ပုဝါစများနှင့် ထုပ်ပိုး၊ သေတ္တာထဲကို သူ့ရဲ့ အဆောင်အယောင်များနှင့် အတူ သိမ်းဆည်းရပါမယ်။ အဆောင်အယောင်ဆိုတာကတော့ ဟောပြောရန် ခင်းတဲ့ အခင်းစ၊ တားရော့ နှိုးလေ့ ရှိတဲ့ ခေါင်းလောင်းငယ်၊ တားရော့အတွက် သုံးစွဲလေ့ရှိတဲ့ ရေမွှေး စသဖြင့် ပစ္စည်းများကို ပြောတာပါ။

ပြီးတော့မှ သပ်သပ်ရပ်ရပ် စင် သို့မဟုတ် တားရော့ ဟောလေ့ရှိတဲ့ စားပွဲပေါ်မှာ တင်ထားပေးလိုက်ပါ။ တားရော့ ဟောပြောတာမျိုး မလုပ်တော့ဘူး၊ နားလိုက်တော့မယ် ဆိုတာနဲ့ ဖြစ်ကတတ်ဆန်း ချောင်ထဲ ထိုးထားတယ် ဆိုတာမျိုးဟာ တားရော့ ပညာကို မလေးစားသလို ဖြစ်နေတတ်လို့ပါ။

စကားရှည်သွားလို့ ဒီနေ့ ဆွေးနွေးမယ့် ခေါင်းစဉ်ဘက် ပြန်လှည့်ရရင် တားရော့နဲ့ ကာလ အတန်ကြာ အဆက်အသွယ် ပြတ်နေတယ်၊ ဒါပေမယ့် တားရော့ ပြန်လည် ဟောပြောချင်တယ် ဆိုတဲ့ ပုဂ္ဂိုလ်များ တားရော့ နဲ့ ပြန်လည် ဆက်သွယ်ဖို့ ဘာလုပ်ရမလဲ ဆိုတာကို တင်ပြပေးမှာပါ။

ပထမဆုံး အနေနဲ့ တားရော့ဖဲချပ်တွေကို ပိတ်စထဲက မှောက်လျက်သားထုတ်လိုက်ပြီး ဖဲချပ်ပုံကို ညီညီ စီလိုက်ပါ။ ပြီးရင် ညီညီစီထားတဲ့ ဖဲချပ်ပုံကို တံခါး ခေါက်သလို သုံးကြိမ် ခေါက်လိုက်ပြီး “အိပ်ရာက ထ ပါတော့ကွယ်” လို့ ပြောလိုက်ရုံပါပဲ။

အိပ်ပျော်နေတဲ့ တားရော့လေးတွေကို တံခါးခေါက် နှိုးလိုက်ပြီးရင်တော့ ထုံးစံအတိုင်း ဖဲချပ်တွေကို သန့်စင်မယ်၊ ရင်းနှီးမှု ပြန်လည် တည်ဆောက်မယ် ဆိုရင် အချိန်တိုလေး အတွင်းမှာပဲ တားရော့ကို ပြန်လည် ဟောပြောနိုင်မှာ ဖြစ်ပါတယ်။

တားရော့ဖဲချပ်တွေကို သန့်စင်နည်းကတော့ နည်းလမ်း အမျိုးမျိုး ရှိတဲ့ အထဲ အချို့ကို Golden Words Tarot က ဖော်ပြပြီးပါပြီ။ 

ဟင်…. နည်းလမ်းတွေကလည်း လွယ်လိုက်တာလို့ မထင်ပါနဲ့။ မသိသူ ကျော်သွား၊ သိသူ ဖော်စား ဆိုတဲ့အတိုင်း မသိလိုက် မရှိရလေအောင် တားရော့ ဟောပြောဖို့ Tips လေးတွေကို အမြဲ တင်ပြပေးသွားမှာပါနော်။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:

Post a Comment