Sunday, July 19, 2020

တားရော့ ဖဲချပ်များအား သန့်စင်နည်း (ကုလားဖန်ထိုးခြင်းဖြင့် သန့်စင်ခြင်း)

(ဒီပို့စ်ဟာ တားရော့ပညာကို လေ့လာလိုက်စားနေသူများအတွက်သာ ရည်ရွယ် ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တားရော့ ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

တားရော့ကို နည်းလမ်း အမျိုးမျိုးနဲ့ သန့်စင်လို့ ရတယ် ဆိုတာ တားရော့အကြောင်း ရေးထားတဲ့ စာအုပ်တွေ၊ တားရော့ဆရာတွေ ရေးတင်တဲ့ ပို့စ်တွေက တစ်ဆင့် သိကြပြီး ဖြစ်မှာပါ။ ဒီပို့စ်လေးမှာတော့ အရမ်းလွယ်ကူ ရိုးရှင်းလွန်းလို့ သတိမမူမိကြတဲ့ သန့်စင်နည်းတစ်ခုကို တင်ပြပေးသွားပါမယ်။

*** ကုလားဖန် ထိုးခြင်း ***

ဟုတ်ပါတယ်။ ကုလားဖန်ထိုးခြင်းနဲ့ တားရော့ဖဲချပ်တွေကို သန့်စင်လို့ရပါတယ်။ ဒီနည်းက အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်း တစ်ခု ဖြစ်တဲ့အတွက် Admin သုံးနေကျ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ ကုလားဖန်ထိုး သန့်စင်ဖို့ အတွက်ဆိုရင် ဒီအတိုင်း ဗေဒင်ဟောကြားတဲ့ အခါ ကုလားဖန်ထိုးသလို ကျပန်း ထိုးလို့တော့ မရပါဘူး။

အရင်ဦးဆုံး တားရော့ ဖဲချပ်တွေကို အစဉ်လိုက်အတိုင်း စီရပါမယ်။ Major Arcana ဖဲချပ်တွေ ဖြစ်တဲ့ The Magician ကနေပြီး The Fool ထိ အစဉ်လိုက် စီပါမယ်။ ပြီးမှ Minor Arcana ဖဲချပ်တွေ ဖြစ်တဲ့ The Wands၊ The Cups၊ The Knives နဲ့ The Pentacles တွေကို စီရမှာပါ။ Minor ဖဲချပ်တွေကို စီတဲ့ အခါမှာလည်း ရှင်ဘုရင်၊ ဘုရင်မ၊ သူရဲကောင်း၊ မင်းလုလင် ပြီးမှ ၁၀ ကနေ ၁ အထိ စီပါ။ ပြီးတော့မှ (၇) ကြိမ်၊ (၇)ခါ တိတိ ကုလားဖန် ထိုးရမှာ ဖြစ်ပါတယ်။ ကဲ…. ဒါဆိုရင်တော့ တားရော့ဖဲချပ်တွေကို အရိုးရှင်းဆုံးနည်းနဲ့ ဘယ်လို သန့်စင်ရမယ် ဆိုတာ သိကြပြီပေါ့။

လွယ်ကူ ရိုးရှင်းတာအပြင် ဒီနည်းလမ်းကို Admin ဘာကြောင့် ကြိုက်တယ် ဆိုတဲ့ အကြောင်းရင်း တစ်ခုလည်း ရှိပါသေးတယ်။ တားရော့ဆရာတွေဟာ များသောအားဖြင့် ဖဲချပ်တွေကို အတည့်၊ပြောင်းပြန် ကျပန်း ကုလားဖန်ထိုးထားပြီး ဒီတိုင်း သေတ္တာထဲ၊ အိတ်ထဲ ထည့်ထားလေ့ရှိပါတယ်။ နေ့စဉ်နေ့တိုင်း တားရော့ဟောနေပေမယ့် ကိုယ့်ဖဲချပ် ၇၈ ချပ်လုံး ရှိရဲ့လားလို့ စစ်ဆေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ ခုလို ကုလားဖန် ထိုးလိုက်တော့ မိမိရဲ့ ဖဲချပ်တွေ ပြည့်စုံလား၊ ပျောက်ရှနေလား စစ်ဆေးပြီးသားလည်း ဖြစ်သွားပါတယ်။

စစ်မထွက်ခင် ဓား၊ လှံ၊ လက်နက် ပြည့်စုံအောင် ပြင်ဆင်ရသလိုပဲ တားရော့ ဆရာတွေဟာ မိမိရဲ့ တားရော့ ဖဲချပ်များ ပြည့်စုံအောင် ပြင်ဆင်သင့်တဲ့အပြင် ဟောရန် စားပွဲ၊ စားပွဲအခင်း၊ ရေမွှေးဖြန်းပက်ခြင်း စသည်များ လစ်ဟာမှု မရှိရန်လည်း ဂရုပြုရပါမယ်။

တားရော့ဖဲချပ်တွေကို အခြားဘယ်နည်းတွေနဲ့ သန့်စင်လို့ရသေးတယ် ဆိုတာကို နောက်လာမယ့် ပို့စ်များမှာ တစ်ခုချင်း ရှင်းပြသွားမှာ ဖြစ်တဲ့အတွက် ဒီ Golden Words Tarot ပေ့ချ်လေးကို like and follow လုပ်ထားပေးပါနော်။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:

Post a Comment