Sunday, July 19, 2020

တားရော့အပေါ် သစ္စာရှိပါ

(ဒီပို့စ်ဟာ တားရော့ပညာကို လေ့လာလိုက်စားနေသူများအတွက် ရည်ရွယ်ရေးသားထားတာ ဖြစ်ပါတယ်။ ဒီ့အတွက် တားရော့ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

တားရော့တွေဟာ အသက်ရှိတဲ့ ကတ်တွေဖြစ်တယ်လို့ အရင်ပို့စ်တွေမှာ ပြောပြီးခဲ့ပါပြီ။ တားရော့ ဖဲချပ်တွေဟာ အံ့သြဖွယ် ကောင်းလောက်အောင် ပကတိ အမှန်တရားတွေကို ဖော်ပြနေတတ်ပါတယ်။

တစ်ချို့တွေက “တားရော့ ဟောဖို့ ကြိုးစားတာ မမှန်ဘူး ဖြစ်နေတယ်။ တော်တော်လေးလည်း လွဲနေတယ်။” အစရှိသဖြင့် ပြောတတ်ကြပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက တားရော့က အမှန်ကို ဖော်ပြသော်ငြား တားရော့ ဆရာက အဓိပ္ပါယ် ကောက်ယူမှု လွဲမှားနေလို့သော်လည်းကောင်း၊ တားရော့ဆရာရဲ့ နိမိတ်ဖတ်နိုင်မှု စရဏအား လျော့နည်းလို့သော်လည်းကောင်း ဖြစ်နိုင်တာပါပဲ။
(စရဏ အားကောင်းဖို့အတွက်က သမာဓိထူထောင်ဖို့၊ အခြေခံ ငါးပါးသီလ မြဲမြံဖို့ လိုပါတယ်။ ဒီအကြောင်းကို သပ်သပ် ရေးသားဖော်ပြပေးပါမယ်။)

တားရော့ဟောပြောသူ တစ်ယောက်ဟာ တားရော့ အပေါ်ကို သစ္စာရှိရပါမယ်။ များသောအားဖြင့် တားရော့ ဟောပြောသူတွေဟာ မေးမြန်းသူတွေရဲ့ မေးခွန်းကို ဖြေကြားတဲ့ အခါမှာ အားနာသမှုနဲ့ လွှဲဖယ် ဟောပြောမိတတ်ပါတယ်။

ဒါ့အပြင် မေးမြန်းသူနဲ့ သိကျွမ်းလို့ပဲ ဖြစ်ဖြစ်၊ မိမိကိုယ်တိုင်အတွက် တားရော့မေးမြန်းရာမှာ ဖြစ်ဖြစ် ပုဂ္ဂိုလ်ရေး ခံစားချက်ကြောင့် ဘက်လိုက်ဟောကြားမှုတွေ ရှိတတ်ပါတယ်။ ရံဖန်ရံခါ မိမိအတွက် တားရေ့ာမေးမြန်းတဲ့ အခါမှာလည်း ကိုယ်လိုချင်တဲ့၊ ကိုယ်ကြားချင်တဲ့ အဖြေ မဟုတ်မချင်း ဖဲချပ်တွေကို ချိုးယူ၊ ရွေးယူတတ်ကြပါတယ်။ ဒါမျိုးတွေကို လုံး၀ ရှောင်ကျဉ်ရပါမယ်။

တားရော့ဟောပြောမှု မပြုလုပ်ခင် တားရော့တွေကို အဖြေမှန် ဖော်ပြပေးဖို့ အလေးအနက် ဆုတောင်းရပါမယ်။ ပြီးတော့ မေးမြန်းသူ ရဲ့ မေးခွန်းတွေကို မိမိက စိတ်ထဲမှ ရေရွတ်၊ တားရော့ ဖဲချပ်တွေကို ပြောကြားပေးရပါမယ်။ ဥပမာ - မေးမြန်းသူ ဒေါ်လှက ကျန်းမာရေး အကြောင်းကို သိချင်တယ် ဆိုပါစို့။ ဒေါ်လှကို တားရော့တွေ ပေးမချိုးခင်၊ ပေးမရွေးခင်မှာပဲ ဟောပြောသူက စိတ်ထဲကနေ တားရော့တွေကို မေးပေးရပါမယ်။ “ဒေါ်လှရဲ့ ကျန်းမာရေး အခြေအနေကို သိချင်ပါတယ်။ တားရော့တွေက မှန်ကန်တဲ့ အဖြေကို ညွှန်ပြပေးပါ” လို့ စိတ်ထဲကနေ တားရော့တွေကို အလေးအနက် ပန်ကြားပေးရမှာ ဖြစ်ပါတယ်။

ပေါ်ထွက်လာတဲ့ ဖဲချပ်တွေကိုလည်း ပေါ်လာတဲ့ အရုပ်အတိုင်း ဟောပြောပေးတာမျိုး မလုပ်ဘဲ ဟောပြောချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ အာရုံနိမိတ် ခံစားမှုအလိုက် ဟောချက်ထုတ်ပေးရမှာ ဖြစ်ပါတယ်။ သို့မှသာ အဖြေမှန်ကို ရရှိမှာ ဖြစ်ပါတယ်။

တားရော့တွေအပေါ် သစ္စာရှိရမယ့် အချက်တွေထဲမှာ နောက်ပြောင်ကျီစယ် ဟောပြောခြင်းများကို လုံး၀ ရှောင်ကျဉ်ဖို့လည်း သတိပြုရပါမယ်။ သူငယ်ချင်း အချင်းချင်း နောက်ပြောင်ကျီစယ်တဲ့ အနေနဲ့ တားရော့တွေကို အသုံးပြု ဟောပြောခြင်း မပြုလုပ်ရပါဘူး။

နောက်တစ်ခုက ထွက်ပေါ်လာတဲ့ ဟောချက်တွေကို မေးမြန်းသူက အလေးအနက် မထားဘဲ နောက်သလို၊ ပြောင်သလို ပြောဆိုခြင်းတွေကို လက်မခံဖို့ပါ။ အဲ့ဒီလို အခြေအနေမျိုး ကြုံတွေ့လာတဲ့အခါ အဲ့ဒီ မေးမြန်းသူကို နောက်နောင် ဘယ်တော့မှ မဟောပြောသင့်တော့ပါဘူး။ ဟောပြောမှုကို မယုံကြည်၊ အလေးအနက် မထားသူတွေကို ငွေရေးကြေးရေး အရသော်လည်းကောင်း၊ ခင်မင်မှု အရသော်လည်းကောင်း လုံး၀ မဟောပြောသင့်ပါဘူး။

ပြီးတော့ မေးမြန်းသူတွေ တားရော့ကို ချိုးခြင်း၊ ရွေးခြင်း ပြုလုပ်တာက လွဲပြီး ဘယ်သူ့ဘယ်သူကိုမှ ဘာအကြောင်းပြချက်နဲ့ပဲ ဖြစ်ဖြစ် မကိုင်တွယ်စေသင့်ပါဘူး။ တားရော့နဲ့ မိမိရဲ့ ဆက်သွယ်နေတဲ့ ဓာတ်သဘောအချို့ ပျက်ပြယ်သွားတတ်လို့ပါ။

ရှေ့ပို့စ်တွေမှာ ပြောပြီးသလိုပဲ တားရော့ဟောရာမှာ မကောင်းမှု အကုသိုလ် ကြံစည်မှုတွေအတွက် မဟောပြောပေးရပါဘူး။ လောင်းကစား၊ ချဲ၊ နှစ်လုံးဂဏန်းများအတွက်လည်း မဟောပြောပေးသင့်ပါဘူး။

ပြီးတော့ အခမဲ့ ဟောပြောပေးခြင်းများလည်း မပြုလုပ်ရပါဘူး။ ဟောပြောလို့ ရရှိတဲ့ ဉာဏ်ပူဇော်ခ၊ အခကြေးငွေရဲ့ အနည်းဆုံး ဆယ်ရာခိုင်နှုန်းခန့်ကို သင့်တော်ရာနေရာမှာ လှူဒါန်းပေးရပါမယ်။ အဲ့ဒီအခါမှာလည်း သစ္စာရှိဖို့လိုပါတယ်။ တားရော့အစောင့် ပုဂ္ဂိုလ်များအတွက် ရည်စူးပြီး ရရှိတဲ့ ဉာဏ်ပူဇော်ခ ဆယ်ရာခိုင်နှုန်းကို လှူဒါန်းပါ့မယ်လို့ ကတိပေးထားရင် ကတိအတိုင်း သင့်တော်တဲ့ နေရာများမှာ လှူဒါန်းဖို့ ဖယ်ထားပြီး လှူဒါန်းပေးရပါမယ်။ အသုံးလိုလို့ ဆိုပြီး လှူရမယ့် ငွေတွေကို ဆွဲသုံးတာမျိုး လုံး၀ မလုပ်မိဖို့လိုပါတယ်။

တားရော့တွေက မိမိအပေါ်မှာ သစ္စာရှိသလို မိမိကလည်း တားရော့အပေါ် စောင့်ထိန်းသင့်တာတွေ စောင့်ထိန်းပြီး သစ္စာရှိပေးဖို့ အထူး လိုအပ်ပါတယ်နော်။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ဉာဏ စိုက်ထုတ်မှုကို လေးစားသော အားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:

Post a Comment