တားရော့ရဲ့ သဘောသဘာဝတွေကို လေ့လာပြီးတဲ့နောက် ဘယ်လိုပုံစံ ခင်းကျင်းဟောပြောမယ် ဆိုတာကို စဉ်းစားရ ခက်နေသူတွေ အတွက် ဒီပို့စ်လေးက အနည်းအကျဉ်း အကူအညီ ဖြစ်မယ် ထင်ပါတယ်။
(ဒီ ပို့စ်က တားရော့ဟောဖို့ သင့်တော်မယ့် ဖြန့်ခင်းပုံ နည်းလမ်း ရှာနေသူများ အတွက် ရည်ရွယ်ရေးထားတာမို့ တားရော့ကို လက်ရှိဟောပြောလျက် ရှိသူများ ကျော်သွားလိုက်ပါနော်။ ဒါ့အပြင် တားရော့ပညာကို မယုံကြည်သူများ အနေနဲ့လည်း ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)
တားရော့မှာ ဖြန့်ခင်းပုံ အများအပြား ရှိပါတယ်။ တားရော့ကို နည်းလမ်း အမျိုးမျိုးနဲ့ ဟောပြောပြီးရင်တော့ မိမိနဲ့ အဆင်ပြေဆုံး ဖြန့်ခင်းပုံ နည်းလမ်း တစ်ခုကို ရှာတွေ့စမြဲပဲ ဖြစ်ပါတယ်။ တားရော့ ဟောမယ်ဆိုရင်တော့ ကတ်တွေကို အတည့်နဲ့ ပြောင်းပြန် ရောပြီး နှံ့စပ်အောင် ကုလားဖန် ထိုးပါ။ ပြီးမှသာ တားရော့ မေးမြန်းမယ့် သူကို ဖဲချိုးသလို ချိုးခိုင်းပါ။ အဲ့ဒီက ထွက်လာမယ့် ဖဲချပ်လေးတွေကိုမှ တစ်ချပ်ချင်း မှောက်လျက် ခင်းရမှာ ဖြစ်ပြီး တားရော့ ဖတ်တဲ့ အခါမှာတော့ မိမိဘက်ကို လှန်လျက်ဆွဲယူ၊ ဖဲချပ်ကို နမ်းပြီးမှသာ ဟောပြောရမှာ ဖြစ်ပါတယ်။ နောက် တစ်နည်းကတော့ ဖဲချပ်တွေကို မြင်းခွာပုံ ဖြန့်ခင်းပြီး မေးမြန်းသူကို ဖဲချပ်တွေ ရွေးယူခိုင်းတဲ့ နည်းပါ။ ချိုးခိုင်းခိုင်း၊ ရွေးခိုင်းခိုင်း မိမိ ကြိုက်နှစ်သက်ရာ နည်းကို အသုံးပြုနိုင်ပါတယ်။
ဒီနေရာမှာ တစ်ခု ပြောချင်တာက တစ်ချို့ တားရော့ ဆရာတွေဟာ ကျတဲ့ ကတ်ကို ဘယ်တော့မှ မေးမြန်းသူကို မပြပါဘူး။ အမြဲတမ်း မှောက်လျက်ထားပါတယ်။ ဒါကလည်း တစ်မျိုးကောင်းပါတယ်။ တစ်ချို့ မေးမြန်းသူတွေဟာ တားရော့ ကို နည်းနည်းပါးပါး လေ့လာထားတဲ့ အတွက် ကျလာတဲ့ ကတ်တွေကို ကိုယ့်ဘာသာကို ဘာသာပြန်နေပါလိမ့်မယ်။ သို့သော် တားရော့ ဆိုတာမျိုးဟာ ကျလာတဲ့ ကတ်ကို ဒီတိုင်း ဖတ်ပြရတာမျိုး မဟုတ်ဘဲ ဟောပြောသူရဲ့ သဘာ၊ ပညာ နဲ့ ဟောပြောစဉ် နိမိတ်နဲ့ ခံစားချက်တွေကိုပါ ချိန်ဆပြီးမှ အဖြေထုတ်ရတာ ဖြစ်တဲ့ အတွက် အငြင်းပွားဖွယ်တွေ ဖြစ်နိုင်ပါတယ်။ ကတ်ကို မှောက်လျက်သာ ထားပြီး ဟောပြောသူကသာ တစ်ကတ်ချင်း လှန်ယူပြီး ဟောပြောခြင်းက ပိုမို ကောင်းမွန်ပါတယ်။
ပြီးတော့ တားရော့ကို မေးတဲ့ မေးခွန်းတွေကို တိကျအောင် မေးမြန်းပေးဖို့ လိုပါတယ်။ ဥပမာ - အချစ်ရေး အဆင်ပြေမလား၊ အချစ်ရေးမှာ စိတ်ညစ်ရတာတွေ ဘယ်တော့ ပြီးမှာလဲ၊ အချစ်ရေး အခြေအနေကို သိချင်ပါတယ်။ ဒီမေးခွန်း သုံးခုလုံးက အချစ်ရေးကို မေးတာ ဖြစ်ပေမယ့်လို့ တစ်ခုနဲ့ တစ်ခု အနက်မတူပါဘူး။ ဒီ့အတွက် အဖြေထုတ်ရင်လည်း ကတ်က ဖော်ပြနေတဲ့ နိမိတ်နဲ့ မေးခွန်းနဲ့ကို ချိန်ကိုက်ပေးဖို့ လိုပါတယ်။
** တစ်ကတ်တည်း အဟော **
ဟိုအရင် ပို့စ်တွေမှာ ပြောခဲ့သလိုပဲ တားရော့ကို Yes or No question တွေ အတွက် မေးလို့ ရပါတယ်။ Yes/No မေးခွန်းတွေ အတွက်သော်လည်းကောင်း၊ ပြတ်သားတဲ့ အဖြေတစ်ခု လိုအပ်နေတဲ့ အခါမျိုးမှာသော်လည်းကောင်း တစ်ကတ်တည်း အဟောက အင်မတန် အဆင်ပြေစေပါတယ်။ တားရော့ ဖဲချပ်ပေါင်း ၇၈ ချပ်ရဲ့ အတည့်နဲ့ ပြောင်းပြန် အတွက် အဓိပ္ပါယ် ၁၅၆ မျိုး ရှိပေမယ့် ဟောချက်က တစ်မျိုးပဲ ထွက်လာတဲ့ အတွက် တိကျတဲ့ အဖြေတစ်ခုကို ထုတ်ပေးနိုင်ပါလိမ့်မယ်။
** သုံးချပ် အဟော **
ဒါကလည်း တားရော့ စဟောမယ့် သူတွေအတွက် လွယ်ကူ ထိရောက် အကျိုးရှိတဲ့ ဟောချက် တစ်မျိုးပဲ ဖြစ်ပါတယ်။ မေးမြန်းတဲ့ မေးခွန်းရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို ကိုယ်စားပြုမယ့် ဖဲချပ် သုံးချပ်ကို အစဉ်လိုက် ဟောပြောပေးရုံပဲ ဖြစ်ပါတယ်။ စစချင်း ဟောပြောမယ့် သူတွေအတွက် ဒီဟောနည်းက အလွန်အသုံးဝင်ပါတယ်။
တစ်ခု သတိပြုရမှာကတော့ အနာဂတ် ဆိုတဲ့နေရာမှာ ဟောပြောတဲ့ အချိန်ကစလို့ ရက်ပေါင်း ကိုးဆယ် သို့မဟုတ် သုံးလအထိသာ ရေတွက်ရမှာ ဖြစ်ပြီး တစ်ချို့ ကိစ္စတွေမှာ မေးမြန်းတဲ့သူရဲ့ ရွေးချယ်မှု အပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။
ဒီနေရာမှာ ရွေးချယ်မှု ဆိုတာ ဘာသာတရား အရ ပြောရင် ကုသိုလ်၊ အကုသိုလ် ပြုလုပ်မှု၊ ဗေဒင်သဘော အရ ပြောရင် ယတြာတို့ ကျိန်းကျေ၊ ကိန်းကျေတို့ ကို ပြောတာပါ။ ဆိုလိုတာက ကောင်းတာလုပ်ရင် အခြေအနေ ပြောင်းသွားမယ်၊ မကောင်းတာ လုပ်ရင်လည်း အခြေအနေ ပြောင်းသွားမယ် ဆိုတာမျိုးပေါ့။ ဒါပေမယ့် တစ်ချို့ ဟောချက်တွေက ရွေးချယ်မှု ပြုလုပ်လို့လည်း မရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဗုဒ္ဓဘာသာအရဆို ကံစီမံရာ၊ ခရစ်ယာန် ဘာသာအရဆို ဘုရားသခင် အလိုတော်အတိုင်း တို့လိုမျိုးပါ။ အဲ့လိုဟောချက်မျိုးတွေ အတွက်ကတော့ စိတ်ကို ကြိုတင် ပြင်ဆင်ထားဖို့သာ အားပေးရမှာပါ။
တားရော့မှာ ဘယ်လို ဖြန့်ခင်းတဲ့ ပုံစံနဲ့ပဲ ဟောရမယ် ဆိုတဲ့ ကန့်သတ်ချက်တွေ မရှိပါဘူး။ အဲ့ဒီအတွက် မိမိ အားသန်ရာ ပုံစံနဲ့ ဖြန့်ခင်းနိုင်ပါတယ်။ Celtic Cross Spread၊ Horse Shoe Spread၊ Full Moon Spread အစရှိသဖြင့် တို့လို နာမည်ကျော် ဖြန့်ခင်းမှုမျိုးသာမက မိမိ ကိုယ်ပိုင် ဖြန်ခင်းမှုပုံစံ တီထွင်ပြီးပါ ဟောပြောနိုင်ပါတယ်။ သို့သော် ဖြန့်ခင်းတဲ့ ဖဲချပ် များလေလေ၊ ဟောပြောရ ေ၀ဝါးလေလေ ဖြစ်တတ်ပါတယ်။
ဟောသက် ရင့်လာလေလေ ဘယ်လို မေးခွန်းအတွက် ဘယ်လို Spread မျိုး သုံးရမယ် ဆိုတာပါ ပိုမို နားလည် သဘောပေါက် လွယ်လေလေ ဖြစ်တာမို့ Tarot ဟောသူတိုင်း မိမိ အတွက် အသင့်တော်ဆုံး Spread ကို ရှင်းလင်းသိရှိ နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Disclaimer
++ ++ ++

No comments:
Post a Comment