Sunday, July 19, 2020

တားရော့ နှင့် မှားလေ့မှားထ ရှိသော အမှားများ (၁)

တားရော့ဖဲချပ် တစ်စုံတည်းကို တစိုက်မတ်မတ် အသုံးမပြုခြင်း

ဒီပို့စ်လေးမှာတော့ တားရော့ကို လေ့လာဆဲ ဝါသနာရှင်များ တားရော့ဟောပြောတာနဲ့ ပတ်သက်လို့ မှားတတ်တဲ့ အမှားလေးတွေကို သတိထားလို့ ရအောင် တင်ဆက်ပေးလိုက်ပါတယ်။

(တားရော့ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

တားရော့တွေနဲ့ ပတ်သက်လို့ မိမိဟာ ဖဲချပ် ဝယ်ယူစုဆောင်းရတာ ဝါသနာပါတဲ့ Tarot decks collector လား၊ ဒါမှမဟုတ် တားရော့ဟောပြောတဲ့ ဆရာတစ်ယောက် ဖြစ်ဖို့ လေ့လာနေတာလား ပြန်ဆန်းစစ်ရပါမယ်။ တားရော့ deck ပေါင်း များစွာ ရှိတဲ့အတွက် deck တစ်ခု မြင်တိုင်း၊ လိုချင်လို့ ဝယ်တယ်။ ဒီနေ့ deck တစ်ခုနဲ့ ဟောပြောမယ်၊ လေ့ကျင့်မယ်၊ နောက်တစ်နေ့ နောက် deck တစ်ခုနဲ့ ဟောပြောမယ်၊ လေ့လာမယ် ဆိုတာမျိုး မလုပ်သင့်ပါဘူး။

တစ်ချို့ တားရော့လေ့လာသူတွေဟာ ဒီအချက်ကို သတိမမူမိတဲ့ အတွက် တားရော့ ဟောပြောဖို့ ကြိုးစားလိုက်တိုင်း တားရော့ ဖဲချပ်တွေက အဖြေကို မညွှန်ပြတာမျိုး ကြုံတွေ့နေတတ်တာပါ။ အမြဲတမ်း အမြဲတမ်း စာရေးသူ ပြောနေကြ စကားတစ်ခွန်း ရှိပါတယ်။ “တားရော့တွေဟာ အသက်ရှိတဲ့ ဖဲချပ်တွေ ဖြစ်တယ်” ဆိုတာပါ။ မိမိအတွက် သင့်တော်တဲ့၊ မိမိ ကြိုက်နှစ်သက်တဲ့ တားရော့ deck ကို ရွေးချယ်ဝယ်ယူပြီး အချိန်ယူ ရင်းနှီးမှုတည်ဆောက်ရင်း လေ့ကျင့်ဟောပြောသင့်ပါတယ်။

(စကားချပ် - တချို့ တားရော့ဆရာတွေက တချို့ မေးခွန်းတွေအတွက် deck နှစ်မျိုး အသုံးပြုပြီး ဟောပြောတာ မြင်ဖူးပါတယ်။ လိုအပ်တဲ့ အခြေအနေမျိုးမှာ ဒီလို အသုံးပြု ဟောပြောလို့ ရတဲ့ အတွက် စာရေးသူလည်း တစ်ခါတစ်ရံ deck နှစ်မျိုးနဲ့ ဟောပြောလေ့ ရှိပါတယ်။ သို့ပေမယ့် အဲ့လို deck နှစ်မျိုးနဲ့ ဟောပြောတာက လက်ချိုးရေလို့ ရတဲ့ အကြိမ်ရေသာ ရှိခဲ့ပါတယ်။)

တားရော့ deck မျိုးစုံ ဝယ်ထားပြီး ဘယ် deck ကိုမှ တစိုက်မတ်မတ် မသုံးဘဲ ဟိုဟာကောင်းနိုး၊ သည်ဟာကောင်းနိုး တို့တိတို့တိ သုံးနေရင်တော့ တားရော့ နဲ့ ကိုယ့်ရဲ့ ရင်းနှီးမှုကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက် တားရော့ကလည်း မှန်ကန်တိကျတဲ့ အဖြေကို ပေးနိုင်မှာ မဟုတ်သလို ကိုယ်ကိုယ်တိုင်လည်း တားရော့က ညွှန်ပြနေတဲ့ အဖြေတွေကို ပုံမဖော်နိုင် ဖြစ်နေပါလိမ့်မယ်။

မိမိ ရွေးချယ်ထားတဲ့ ဖဲချပ်တစ်စုံကိုပဲ တားရော့နဲ့ ကိုယ်နဲ့ တစ်သားတည်း ဖြစ်တဲ့ အထိ သုံးပါ။ စာရေးသူမှာ တားရော့ deck ၃ ခု ရှိပါတယ်။ Major+Minor ၇၈ ချပ် ၂ စုံ နဲ့ Major only ၁ စုံပါ။ Deck ၃ ခု ရှိသော်ငြားလည်း တားရော့ကို စလုံးရေစ လေ့လာစဉ် လွန်ခဲ့တဲ့ ၁၀ နှစ်က စတင် အသုံးပြုခဲ့တဲ့ Major+Minor ၇၈ ချပ် ပါတဲ့ အစုံကိုပဲ သုံးနေဆဲပါ။

ထပ်မံတိုက်တွန်းရရင်တော့ မိမိ ရွေးချယ်ထားတဲ့ ဖဲချပ်တစ်စုံကိုပဲ တားရော့နဲ့ ကိုယ်နဲ့ တစ်သားတည်း ဖြစ်တဲ့ အထိ သုံးပါ လို့ပဲ တိုက်တွန်းချင်ပါတယ်။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:

Post a Comment