Sunday, July 19, 2020

တားရော့ မဟောခင် ဘယ်လို ပြင်ဆင်ရမလဲ

တားရော့ စတင် ဟောပြောမယ့် သူတွေအတွက် ဘာတွေ ဘယ်လို ပြင်ဆင်ရမယ် ဆိုတာကို ဒီပို့စ်လေးမှာ ရေးသား ဖော်ပြပေးလိုက်ပါတယ်။

(ဒီ ပို့စ်က အခုမှ စတင် ဟောပြောမယ့်သူတွေအတွက် ပြင်ဆင်ဖို့ လိုအပ်တာလေးတွေကို အခြေခံကျကျ ရေးသားထားတာမို့ တားရော့ကို လက်ရှိဟောပြောလျက် ရှိသူများ ကျော်သွားလိုက်ပါနော်။ ဒါ့အပြင် တားရော့ပညာကို မယုံကြည်သူများ အနေနဲ့လည်း ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

ကိုယ် အသုံးပြုမယ့် တားရော့ဖဲချပ်တွေနဲ့ ရင်းနှီးမှု ရအောင် အနည်းဆုံး ၂၁ ရက် ပြုလုပ်ပြီးပြီဆိုတော့မှ တားရော့ဟောဖို့ လေ့ကျင့်သင့်ပါတယ်။

စစချင်း ဟောပြောဖို့ အတွက် major arcana ကတ်တွေကိုသာ အသုံးပြုသင့်ပါတယ်။ major arcana ကတ်များကို အဓိက ဟောကြားချက်များ အတွက် အသုံးပြုသင့်ပြီး Minor arcana ကတ်များကိုတော့ အသေးစိတ် ဟောကြားချက်များအတွက် အသုံးပြုသင့်ပါတယ်။

Major arcana ကတ်များမှာတော့ 0 – The Fool ကတ်ပြားမှ 21 – The World ကတ်ပြားထိ စုစုပေါင်း ၂၂ ကတ် ပါဝင်ပါတယ်။ Minor arcana ကတ်များမှာတော့ ဘုရင်၊ ဘုရင်မ၊ စစ်သူရဲကောင်း နဲ့ မင်းလုလင် အပါအဝင် နံပတ် (၁) မှ (၁၀) ထိ ရှိပြီး ၎င်း ၁၄ ကတ်ကို တုတ်၊ ခွက်၊ ဓား၊ ကြယ်ဒင်္ဂါး ၄ မျိုးစီအတွက် စုစုပေါင်း ၅၆ ကတ် ပါဝင်ပါတယ်။

Minor arcana ရဲ့ တုတ်၊ ခွက်၊ ဓား၊ ကြယ်ဒင်္ဂါးတို့ဟာ ဓာတ်ကြီးလေးပါးကို ကိုယ်စားပြုပါတယ်။ တုတ် (မီးဓာတ်)၊ ခွက် (ရေဓာတ်)၊ ဓား (လေဓာတ်) နဲ့ ကြယ်ဒင်္ဂါး (မြေဓာတ်) တို့ ဖြစ်တာမို့ တားရော့ ဟောဖို့ အခင်းပိတ်စရဲ့ အစွန်ဘက် လေးဘက်လေးတန်မှာ အဲ့ဒီလို ပစ္စည်း အငယ်စားများ ထားရှိပေးသင့်ပါတယ်။ သို့ပေမယ့် တုတ် အငယ်စား၊ ခွက် အငယ်စား၊ ဓားအငယ်စား နဲ့ ကြယ်ဒင်္ဂါးတို့ကို ရှာဖွေဖို့ မလွယ်ကူဘူး ဆိုရင်တော့ တုတ်၊ ခွက်၊ ဓား၊ ကြယ်ဒင်္ဂါးပုံတို့ကို အခင်းပိတ်စမှာ အပ်ချည်ဖြင့် ထိုးထားနိုင်ပါတယ်။

ပထမဆုံးအနေနဲ့ အခင်းပိတ်စ မှာ တုတ်၊ ခွက်၊ ဓား၊ ကြယ်ဒင်္ဂါးတို့ကို နေရာချပြီးပြီ၊ ဒါမှမဟုတ် ၎င်း ပုံတွေ ထိုးထားတဲ့ အခင်းပိတ်စကို ခင်းပြီးပြီ ဆိုရင်တော့ အလယ်တည့်တည့်မှာ တားရော့ကတ်ပြားများကို မှောက်လျက် ထားရှိပေးရပါမယ်။

ပြီးရင်တော့ တားရော့ ကတ်ပြားများကို ရေမွှေး ဆွတ်ပေးပါ။ ဒီနေရာမှ သတိပြုရမှာက တားရော့ ကတ်ပြားတွေဟာ အမွှေးနံသာတွေ ကြိုက်တဲ့ အတွက် တားရော့ ကတ်ပြားများကို မကိုင်တွယ်ခင်မှာ လက်ကို စင်ကြယ်စွာ ဆေးကြောဖို့ လိုအပ်ပါတယ်။ လက်ကို ဆေးကြောခြင်းဟာ တစ်ခုခုကို ကိုင်တွယ်မိလို့ မိမိလက်မှာ ကပ်တွယ်နေတဲ့ မကောင်းတဲ့ ဓာတ်သဘောတွေကို ကင်းစင်စေတဲ့ အတွက် ဂရုထား ဆေးကြောဖို့ လိုပါတယ်။

ကတ်ပြားတွေကို ရေမွှေး ဆွတ်ပေးပြီးရင်တော့ လက်ကိုင်ပါတဲ့ ခေါင်းလောင်း အငယ်စားလေးနဲ့ တားရော့ ကတ်ပြားများကို သုံးကြိမ် ပတ်ပြီး တီးပေးပါ။ ဒါက တားရော့ အနှိုး တစ်မျိုးပါပဲ။ တစ်နည်းအားဖြင့် တားရော့လေးတွေကို မေးခွန်းလေးတွေ မေးတော့မယ် ဆိုပြီး အချက်ပြလိုက်တဲ့ သဘောပါ။ ဒါဆိုရင်တော့ တားရော့လေးတွေကို အသုံးပြုပြီး ဟောကြားလို့ ရပါပြီနော်။

အလေးအနက် မှာကြားချင်တာ တစ်ခုကတော့ ဘယ်ချိန်၊ ဘယ်ခါပဲ ဟောဟော တုတ်၊ ခွက်၊ ဓား၊ ကြယ်ဒင်္ဂါးနဲ့ အခင်းပိတ်စပေါ်မှာ ခင်းပြီး ရေမွှေးဆွတ်၊ ခေါင်းလောင်းထိုး အချက်ပေးပြီးမှသာ တားရော့ကတ်တွေကို မေးခွန်းမေးဖို့ပါပဲ။ အဆောင်အယောင် မပြည့်စုံဘဲ တားရော့ မဟောဖို့ရန် သတိပြုဖို့လိုပါတယ်။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ဉာဏ စိုက်ထုတ်မှုကို လေးစားသော အားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:

Post a Comment