Sunday, July 19, 2020

မိမိရဲ့ မွေးနေ့နဲ့ ကိုယ်ပိုင်တားရော့ဖဲချပ်တွေကို တွက်ကြည့်ရအောင်

ဒီပို့စ်လေးမှာတော့ တားရော့ ဖဲချပ်လေးတွေနဲ့ မိမိရဲ့ မွေး ဂဏန်းနဲ့ ဘယ်လို သက်ရောက်တယ်၊ ဘယ်လို တွက်ချက်ကြည့်လို့ရလဲလို့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

(တားရော့ပညာကို မယုံကြည်သူများအနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ မေတ္တာရပ်ခံပါတယ်။ အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

တားရော့ဟာ ဖဲချပ်ကဒ်ပြားတွေကို အသုံးပြုပြီး ရှေ့ဖြစ်ဟောကြားနိုင်တာ ဖြစ်တဲ့အတွက် Cartomancy လို့ ခေါ်နိုင်သလို ဂဏန်းဗေဒင်လို့ သိကြတဲ့ Numerology နဲ့ ဆက်စပ်နေတယ်ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တားရော့ဖဲချပ်ရဲ့
မေဂျာအာကင်နာရော မိုင်နာအာကင်နာရောမှာ နံပတ်တွေ ပါဝင်နေလို့ ဖြစ်ပါတယ်။ ခြွင်းချက်အဖြစ် မိုင်နာ ဖဲချပ်တွေရဲ့ ဘုရင်၊ မိဖုရား၊ သူရဲကောင်း နဲ့ မင်းလုလင် ဖဲချပ်တွေက လွဲလို့ပေါ့။

မြန်မာနိုင်ငံမှာဆိုရင် မိမိဟာ တနင်္ဂနွေသား ဆို (၁) ဂဏန်းသမား၊ တနင်္လာသား ဆို (၂) ဂဏန်းသမား အစရှိသဖြင့် အကျိုးပေးနံပါတ် သတ်မှတ်လေ့ရှိကြသလို အနောက်တိုင်း အယူအဆ အားဖြင့်လည်း လတိုင်းလတိုင်းရဲ့ (၃) ရက်နေ့၊ (၁၂) ရက်နေ့၊ (၂၁) ရက်နေ့ နဲ့ (၃၀) ရက်နေ့များမှာ မွေးဖွားတဲ့ သူတွေကို (၃) ဂဏန်းသမား စသဖြင့် မွေးရက်ကို အမှီပြုပြီး ကိုယ်ပိုင်နံပါတ် တစ်ခုစီ ရရှိကြရပြန်ပါတယ်။

ဒါကြောင့် ဂဏန်းဗေဒင် အယူအဆအရ လူတိုင်းလူတိုင်းမှာ မိမိနဲ့ ဆက်စပ်မှု ရှိတဲ့ တားရော့ဖဲချပ်တွေတော့ ရှိကြမှာ မလွဲမသွေပါ။ ဒီတစ်ပတ်မှာတော့ မိမိရဲ့ မွေးနေ့ကနေ ပြောပြနေတဲ့ Birth Card, Personality Card နဲ့ Soul Card တွေကို တွက်ကြည့်ရအောင်ပါနော်။

ဥပမာ (၁)
မိမိဟာ ၂၇ ရက်၊ မေလ၊ ၁၉၅၇ ခုနှစ်မှာ မွေးဖွားသူ ဆိုပါစို့။
၂၇ + ၅ + ၁၉၅၇ = ၁၉၈၉
၁ + ၉ + ၈ + ၉ = ၂၇
(ဒီနေရာမှာ ၂၇ ဟာ ၂၂ ထက် များနေတဲ့အတွက် ၂၂ ထက် ငယ်တဲ့ ဂဏန်းဖြစ်ဖို့ တစ်လုံးတည်းရအောင် ထပ်ပေါင်းပါမယ်)
၂ + ၇ = ၉
(ရလာဒ် က ၉ ရတဲ့ အတွက် မိမိရဲ့ Birth Card ဟာ The Hermit (9) ဖြစ်ပါတယ်။)

ဥပမာ (၂)
အကယ်လို့များ မိမိဟာ ၆ ရက်၊ သြဂုတ်လ၊ ၁၉၈၉ ခုနှစ်မှာ မွေးဖွားသူ ဆိုရင်တော့…
DD + MM + YY + YY
၀၆ + ၀၈ + ၁၉ + ၈၉ = ၁၂၂
(ဒီနေရာမှာ ဂဏန်း ၃ လုံးမို့ ရှေ့ ဂဏန်း ၂ လုံးနဲ့ နောက် ဂဏန်း ၁ လုံးကို ပေါင်းပါမယ်။ အကယ်လို့များ ဂဏန်း ၂ လုံးထဲ ရလာတာ ဆိုရင်တော့ ရှေ့ ဂဏန်း နဲ့ နောက်ဂဏန်းကိုပဲ ပေါင်းရုံပါ။)
၁၂ + ၂ = ၁၄
(ရလဒ် ၁၄ ဖြစ်တဲ့ အတွက် မိမိရဲ့ Personality Card ဟာ Temperance (14) ပါ။)
၁၄ ကို တစ်လုံးတည်း ရအောင် ထပ်ပေါင်းပါဦးမယ်။
၁ + ၄ = ၅
(ရလဒ် ၅ ဆိုတဲ့ အတွက် The Hierophant (5) ဟာ မိမိရဲ့ Soul Card ပါ။)

ဥပမာ (၃)
ခြွင်းချက်ဖြစ်တဲ့ case တစ်ခုကို ဥပမာပြပေးပါ့မယ်။ အကယ်လို့များ မိမိဟာ ၁၀ ရက်၊ နိုဝင်ဘာလ၊ ၁၉၆၉ မှာ မွေးဖွားသူ ဖြစ်ခဲ့မယ် ဆိုရင်တော့….
၁၀ + ၁၁ + ၁၉ + ၆၉ = ၁၀၉
၁၀ + ၉ = ၁၉ >> Personality Card = The Sun (19)
၁ + ၉ = ၁၀ >> Creativity Card = Wheel of Fortune (10)
(ပေါင်းခြင်းဟာ ဂဏန်း ၂ လုံး ရဆဲ ဖြစ်တဲ့အတွက် အဲ့ဒီ ဖဲချပ်ဟာ Creativity Card ဖြစ်သွားပြီး ရလဒ် ဂဏန်း ၁ လုံးတည်း ရသည်အထိ ပေါင်းပေးရပါမယ်။ ဒါမှ မိမိရဲ့ Soul Card ကို ရမှာပါ။)
၁ + ၀ = ၁ >> Soul Card = Magician (1)

နည်းနည်း ရှည်သွားပြီမို့ ဒီမှာပဲ ရပ်မယ်နော့။

နောက် ကြုံတော့မှ Birth Card, Personality Card, Soul Card အလိုက် ဘယ်လိုကြုံတွေ့ရတတ်တယ် ဆိုတာ ဆွေးနွေးသွားပါ့မယ်။ စောင့်ဖတ်ပေးပါဦးနော်။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

No comments:

Post a Comment