Sunday, August 9, 2020

တားရော့ နှင့် ငါး သင်္ကေတ

(တားရော့ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

ငါးတွေဟာ ကံကောင်းခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းရဲ့ ပြယုဂ်လို့ တရုတ်အယူအဆ ရှိပါတယ်။ ဖုန်းရွှေ ပညာအရ ရေဓာတ်ဟာ လွတ်မြောက်ခြင်းနဲ့ တစ်ဖန်ပြန်လည် နိုးထခြင်း ဖြစ်တဲ့ အတွက် ငါးတွေဟာ ဥစ္စာဓနရဲ့ သင်္ကေတ ဖြစ်တယ်လို့ ဆိုပါတယ်။

တားရော့မှာတော့ ငါးသင်္ကေတဟာ စိတ်ခံစားချက် (emotion) နဲ့ သဘောထားတွေကို ရည်ညွှန်းပါတယ်။

‘Page of Cups’ မှာ ဆိုရင်တော့ မင်းလုလင် ကိုင်ထားတဲ့ ခွက်ဖလားထဲမှာ ငါးတစ်ကောင်ကို မြင်နေရပြီး မင်းလုလင်ရဲ့ ရှေ့ဘက်နားမှာ ငါးရှိနေတာ ဖြစ်တဲ့အတွက် စိတ်ခံစားချက် (emotion) တွေကို ကွယ်ဝှက်မထားဘဲ စိတ်ထဲ ရှိတဲ့အတိုင်း ပြောဆိုဆက်ဆံတတ်တာကို ဖော်ပြပါတယ်။

‘King of Cups’ ဖဲချပ်မှာတော့ ရှင်ဘုရင် ထိုင်နေတဲ့ ပလ္လင် နောက်ဘက်မှာ ငါးတစ်ကောင်ကို မြင်ရမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ငါးဟာ နောက်ဘက် ခပ်ကွယ်ကွယ်ကို ရောက်နေတဲ့ အတွက် စိတ်ခံစားချက် (emotion) တွေကို ဖုံးကွယ်ထားခြင်း (သို့မဟုတ်) ထိန်းချုပ်နိုင်ခြင်း တို့ကို ပြပါတယ်။

တားရော့ဖဲချပ် ၇၈ ချပ် ရှိတဲ့အနက် ငါး သင်္ကေတကို ဒီဖဲချပ် နှစ်ချပ်မှာသာ တွေ့ရပြီး ယေဘုယျအားဖြင့် Cups ဖဲချပ်များဟာ စိတ်ခံစားချက်များ၊ နှလုံးသားရေးရာ၊ စိတ်ကူးစိတ်သန်း၊ အနုပညာ နဲ့ အနုညာတဆိုင်ရာ ကို ညွှန်းဆိုတတ်တဲ့ ဖဲချပ်တွေပဲ ဖြစ်ပါတယ်။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

Monday, August 3, 2020

တားရော့ နှင့် နတ်တောင်ဝှေး သင်္ကေတ

(တားရော့ပညာကို မယုံကြည်သူများ အနေနဲ့ ဝေဖန်ခြင်း မပြုကြဘဲ ကျော်သွားလိုက်ဖို့ကို မေတ္တာ ရပ်ခံပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။)

နတ်တောင်ဝှေးဆိုလို့ ဝေးဝေးလံလံ စဉ်းစားမနေကြပါနဲ့နော်။ ဆေးပညာ ဘာသာရပ်ဆိုင်ရာ အမှတ်တံဆိပ်များမှာ ဂရိ (ခေါမ) နတ်ဘုရား Hermes ရဲ့ နတ်တောင်ဝှေး (Caduceus) သင်္ကေတကို ထည့်သွင်းလေ့ ရှိတာမို့ ရင်းရင်းနှီးနှီး မြင်ဖူးနေကျ ဖြစ်မှာပါ။

နတ်တောင်ဝှေး Caduceus ဟာ တောင်ဝှေးကို မြွေနှစ်ကောင် ရစ်လိမ်ထားပြီး တောင်ပံနှစ်ဖက်ပါတဲ့ အသွင်သဏ္ဍာန် ရှိပါတယ်။

ရှေးအယူအဆအရ ဂရိနတ်မင်း Zeus ရဲ့ သားတော် နတ်ဘုရား Hermes ဟာ သူ့ရဲ့ အဖေတူ၊အမေကွဲ အစ်ကိုတော် နတ်ဘုရား Apollo ကို ဂီတသံစဉ်တွေ ထွက်တဲ့ လိပ်ခွံလေး တစ်ခု လက်ဆောင်ပေးခဲ့ပါတယ်။ အစ်ကိုတော် Apollo ဟာ လိပ်ခွံလေးက ထွက်တဲ့ ဂီတသံစဉ်ကို နှစ်ခြိုက်လွန်းလို့ ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ ခင်မင်ရင်းနှီးမှု (friendship) အထိမ်းအမှတ် နတ်တောင်ဝှေး (Caduceus) ကို ညီတော် Hermes ကို လက်ဆောင် ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

ဂရိနတ်ဘုရား Hermes (ရောမနတ်ဘုရား Mercury) ရဲ့ နတ်တောင်ဝှေး (Caduceus) ဟာ ခရီးသွားလာမှု၊ စီးပွားရေး၊ ပရဟိတ နဲ့ အလှူအတန်းတွေကို ကိုယ်စားပြုပါတယ်။

[စကားချပ်။ ။ Hermes ရဲ့ နတ်တောင်ဝှေး (Caduceus) မှာ မြွေ ၂ ကောင် နဲ့ တောင်ပံ ၂ ဖက် ပါရှိပြီး ဂရိနတ်ဆေးဆရာ Asclepius ရဲ့ နတ်တောင်ဝှေး (Rod of Asclepius) မှာ မြွေ ၁ ကောင်သာ ပါရှိပါတယ်။ တောင်ပံလည်း မပါရှိပါဘူး။ အနာရောဂါတွေကို ကုသပေးနိုင်တာက Asclepius ရဲ့ နတ်တောင်ဝှေး (Rod of Asclepius) ဖြစ်ပါတယ်။]

တားရော့ဖဲချပ် ၇၈ ချပ်မှာ နတ်တောင်ဝှေး (Caduceus) ပါတဲ့ ဖဲချပ် တစ်ချပ်ပဲ ရှိပြီး အဖိုဓာတ်၊ အမဓာတ် မျှတမှု၊ လိုက်ဖက်ညီမှု ကို ဖော်ညွှန်းနေတဲ့ ‘Two of Cups’ ဖဲချပ် ဖြစ်ပါတယ်။ Two of Cups ဖဲချပ်ဟာ စပ်တူ ပူးပေါင်းလုပ်ကိုင်တဲ့ လုပ်ငန်းတွေ၊ အချစ်သစ် တွေ့ရှိမှုတွေနဲ့ အတူ ၂ ခု၊ ၂ ယောက်၊ ၂ ဘက် မျှတအောင် ဆောင်ရွက်သင့်ကြောင်း ဖော်ပြနေတဲ့ ဖဲချပ်လည်း ဖြစ်ပါတယ်။

Two of Cups ဖဲချပ်မှာဆိုရင် ဘက်ညီမှုကို အသားပေး ဖော်ပြထားတာ တွေ့ရမှာပါ။ အမျိူးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက် ခွက်တစ်ခွက်စီ ကိုင်ထားကြတဲ့ အပြင် နတ်တောင်ဝှေး (Caduceus) မှာ ပါရှိတဲ့ တောင်ပံ ၂ ဖက်နဲ့ မြွေ ၂ ကောင် အစ ရှိသဖြင့် harmony ဖြစ်နေတာပါ။

ညီမျှခြင်း၊ ပေါင်းစည်းခြင်း၊ မျိုးအောင်ခြင်းနဲ့ မှန်ကန်စွာ ဆင်ခြင်သုံးသပ် ရွေးချယ်ခြင်းတွေရဲ့ ပြယုဂ် တွေ ဆိုလည်း မမှားပါဘူး။

ဒါဆိုရင်တော့ တားရော့မှာ ပါရှိတဲ့ သင်္ကေတလေးတွေဟာ အကြောင်းမဲ့ သက်သက် ထည့်သွင်းထားတာ မဟုတ်ဘဲ အသေးစိတ်၊ အနုစိတ် အဓိပ္ပါယ်ရှိတဲ့ အရာလေးတွေကို စနစ်တကျ ထည့်သွင်းထားတာ ဖြစ်ကြောင်း သိလောက်ပြီ ထင်ပါတယ်။

နောက်ထပ်လည်း တားရော့နဲ့ စပ်ဆိုင်တဲ့ ပို့စ်များစွာကို တင်ဆက်ပေးသွားမှာ ဖြစ်တဲ့ အတွက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။

Disclaimer
++ ++ ++
ယခု ပို့စ်ကို #GoldenWordsTarot မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ အနေနဲ့ လွတ်လပ်စွာ Share နိုင်ပါတယ်။ သို့သော် ရေးသားသူရဲ့ ကာယ၊ ဉာဏ စိုက်ထုတ်မှုကို လေးစားသောအားဖြင့် (လုံးဝလုံးဝ) ကူးယူ ဖော်ပြခြင်းများ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါတယ်။